မြန်မာနိုင်ငံသည် (၁၉၄၈) တွင်လွတ်လပ်ရေး ရပြီးနောက် လူထုထောက်ခံမှုအား အကောင်းဆုံး နိုင်ငံရေး အင်အားစုဖြစ်သည့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် -ဖဆပလ (AFPFL) က ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သည့် ပထမဦးဆုံးသော ပါလီမန်ဒီမိုကရေစီအစိုးရကို ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံတွင် (၁၉၄၈ - ၁၉၆၂) အတွင်း နိုင်ငံရေးပါတီတစ်ခုတည်းက လွှမ်းမိုးသည့် ဒီမိုကရေစီစနစ် မူဘောင်ဖြင့် အုပ်ချုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များသည် ပဋိပက္ခ များ၊ ရုန်းကန်လှုပ်ရှားမှုများ၊ ဂိုဏ်းဂဏ ကွဲမှုများနှင့် မငြိမ်မသက် ကသောင်းကနင်းဖြစ်မှုများ ဖြင့် လွှမ်းခြုံ နေကြောင်း ဝမ်းနည်းဖွယ် တွေ့မြင်ခဲ့ရပါသည်။ အာဏာရပါတီအတွင်း ပထဆုံးသော အကွဲအပြဲမှာ သန့်ရှင်းဖဆပလ နှင့် တည်မြဲဖဆပလ အကွဲအပြဲဖြစ်ပါသည်။ ဖဆပလ ခေါင်းဆောင်များအကြား နိုင်ငံ ရေး အယူအဆ၊ ခံယူချက် ကွဲလွဲမှုမှာ အပေါ်ယံမျှသာဖြစ်သော်လည်း ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှု၊ ပြိုင်ဆိုင်မှုနှင့် ဝန်တိုမှုများက အဖွဲ့ချုပ်အကွဲအပြဲ ထံသို့ဦးတည်စေခဲ့ပါသည်။ ထိုခေတ်အခါက သတင်းစာ များတွင် နိုင်ငံရေးသမားများအကြား အဂတိလိုက်စားမှု၊ အုပ်ချုပ်မှုညံ့ဖျင်းခြင်း နှင့် ကိုယ်ကျင့် ဖောက်ပြန် ခြင်းများနှင့်ပတ်သက်၍ တရားစွဲဆိုသည့် သတင်းများဖြင့် ပြည့်နှက်နေခဲ့ပါသည်။ ဖဆပလ အဖွဲ့ချုပ်တွင် သန္ဓေတည်လာခဲ့သော ဂိုဏ်းဂဏ အကွဲအပြဲသည် သန့်ရှင်းဖဆပလ အစိုးရခေတ်မှသည် ပြည်ထောင်စု အစိုးရ (ပထစ) ခေတ်အထိ တည်မြဲလာခဲ့ပေသည်။ ထို့အပြင် (၁၉၆၀) တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့် ကြေညာချက်က နိုင်ငံရေး တည်ငြိမ်မှုကို အကြီးအကျယ် လှုပ်ခတ်စေခဲ့သည့်အပြင် နိုင်ငံရေးရှုပ်ထွေးမှုများကိုပါ ပေါ်ပေါက်စေ ခဲ့ပါသည်။ အခြားတစ်ဘက်တွင်လည်း ဦးနုသည် (၁၉၆၀) အထွေထွေရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု တွင် ၎င်း၏ နိုင်ငံရေး ကျောထောက်နောက်ခံကို ချဲ့ထွင်ရန်အလို့ငှါ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအသစ်များကိုခွင့်ပြုမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ အခြား တိုင်းရင်း သား လူမျိုးစုများ၊ အထူးသဖြင့် ရှမ်းတိုင်းရင်းသားတို့ကလည်း ပြည်ထောင်စုမှ ခွဲထွက်ရေးကို ဖက်ဒရယ် မျက်နှာဖုံးအောက်မှ တိမ်းညွှတ် လာဟန်ရှိခဲ့ပါသည်။ ဤနည်းအားဖြင့် ပြည်ထောင်စု တည်တံ့ခိုင်မြဲမှု အပေါ် စိန်ခေါ်မှုအခက်အခဲများ မြင့်တက်လာခဲ့ရပါသည်။